ဆာလံကျမ်းထဲမှ မင်္ဂလာရှိသောသူ
2016 တရားဟောချက် (၂၀)
“မတရားသောသူတို့၏ တိုက်တွန်းခြင်းကို မလိုက်၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊
မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏
တရားတော်၌မွေ့လျော်၍၊ တရားတော်ကို နေ့ညဥ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည်
မင်္ဂလာရှိ၏” (ဆာလံ ၁း၁-၂)။
သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာသောအခါ
ယုံကြည်သူများအတွက် ကောင်းကြီးမင်္ဂလာ ခံစားစေသော၊ မင်္ဂလာတရားဖြစ်စေသော
နည်းလမ်းများစွာကို ဖော်ပြထားပါသည်။ ထိုမင်္ဂလာတရားများစွာထဲမှ ဆာလံဆရာမှ
ဆာလံကျမ်းအဖွင့်တွင် ဖော်ပြသော မင်္ဂလာရှိသောသူသည်
မည်သို့သောသူဖြစ်ကြောင်းကို လေ့လာခွန်အားယူကြပါစို့။
၁။ မတရားသောသူတို့၏ တိုက်တွန်းခြင်းကို မလိုက်သောသူ။
မတရားသောသူနှင့် စာတန်တို့၏ ပြုမူကျင့်ကြံပုံတူညီကြသည့်အတွက်
စာတန်၏ဘက်တော်သားများ ဖြစ်ကြပါသည်။ ပြုမူကျင့်ကြံပုံ မတူညီသောသူများသည်
ပေါင်းဖော်၍ မရနိုင်ပါ။ မတရားသောသူတို့၏ အဓိကလုပ်ဆောင်ချက်မှာ
ယုံကြည်သူများအား ဖျက်ဆီးစေရန် ဖြစ်ပေသည်။ ထိုသူတို့၏ သွေးဆောင်မှုနောက်သို့
ပါသွားမိပါက ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင် အသက်ရှင်စေပါသည်။
လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌ သေခြင်းသို့ ပို့သော
လမ်းတစ်မျိုးရှိ၏ (သုတ္တံ ၁၄း၁၂၊ ၁၆း၂၅)။ မတရားသောသူတို့သည်
ကျွန်ုပ်တို့အတွက် ကောင်းသယောင်ယောင် ထင်ရှားတတ်သော်လည်း ၀ိညာဉ်ရေးအတွက်
ဆုံးရှုံးနစ်နာစေပါသည်။ ထို့ကြောင့် ယုံကြည်သူများသည်
သမ္မာကျမ်းစာဖော်ပြသည့်အတိုင်း အသက်တာတစ်လျှောက်လုံး တည့်မတ်စွာ
လိုက်လျှောက်တတ်ဖို့ လိုအပ်ပါသည်။ မတရားသောသူတို့၏
တိုက်တွန်းသွေးဆောင်မှုနောက်သို့ မလိုက်မိစေဖို့ သတိထားတတ်ဖို့
အရေးကြီးပါသည်။ မတရားသောသူဟု သေချာစွာ သိမှတ်ပါက သူတို့၏
တိုက်တွန်းခြင်းကို လိမ္မာပါးနပ်စွာ ရှောင်ရှားတတ်ရန် လိုပါသည်။
၂။ လူဆိုးတို့၏ လမ်းတွင်မရပ်မနေသောသူ။
မည်သူသည် လူဆိုးဖြစ်ကြောင်း ရှင်းပြဖို့ လိုမည် မထင်ပါ။ လူဆိုးတို့၏
လမ်းသည် သီးခြားရှိသည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း သူတို့၏
အသက်ရှင်နေထိုင်ပုံကို သိလျက် ရှောင်ရှားတတ်ခြင်းကို ဆိုလိုပါသည်။
ကျွန်ုပ်တို့ လိုက်လျှောက်နေသော လမ်းကို ကောင်းစွာ သုံးသပ်ပြီး လူဆိုးတို့၏
လမ်းတွင် လိုက်လျှောက်မိပါက ရှောင်တတ်ဖို့ လိုပါသည်။ ပရောဖက် ယေရမိက
ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်းသောလမ်းသည် အဘယ်မှာ ရှိသနည်းဟု
မေးမြန်း၍ ထိုလမ်းသို့ လိုက်ကြလော့။ သို့ပြုလျှင်၊
စိတ်နှလုံးသက်သာကြလိမ့်မည် ဟု ဆိုထားပါသည် (ယေ ၆း၁၆)။
အုပ်ချုပ်ရေးအတွက် လိုက်လျှောက်ရမည့်လမ်းစဉ်ချမှတ် တတ်သကဲ့သို့
ယုံကြည်သူများအတွက် လိုက်လျှောက်ရမည့်လမ်း ရှိပါသည်။ လူများစုသွားသည့်
လမ်းတိုင်းကို သေချာစွာ မသုံးသပ်ဘဲ မလိုက်လျှောက်သင့်ပါ (မ ၇း၁၃-၁၄)။
ဘုရားသခင်အလိုတော်ရှိသော လမ်း ဟုတ်မဟုတ် ဦးစွာ သုံးသပ်ရပါမည်။ လူဆိုးတို့၏
လမ်းတွင် လိုက်လျှောက်ဖို့မဟုတ်၊ သူတို့၏လမ်းတွင်ရပ်ဖို့ပင် ဘုရားသခင်
အလိုမရှိပါ။ ထိုသို့မရပ်သောသူသည် မင်္ဂလာရှိသူဖြစ်ကြောင်း သိမြင်နိုင်ပါသည်။
၃။ မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်သောသူ။
ဘုရားသခင်အား မထီမဲ့မြင်ပြုသောသူတို့သည် ဘုရားသခင်၏အလိုတော်ကို သိသော်လည်း
အသက်မရှင်သောသူများ ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် အလိုတော်သို့
လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍
ကောင်း၏။ ငြင်းဆန်သောသဘောသည နတ်ဆိုးနှင့် ပေါင်းခြင်းကဲ့သို၎င်း၊
ခိုင်မာသောသဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ်ကြီး၏ ဟု
ဖော်ပြထားပါသည် (၁ ဓမ္မရာဇ၀င် ၁၅း၂၂-၂၃)။ ဘုရားသခင်၏ အလိုတော်အတိုင်း
မလိုက်လျှောက်ဘဲ မထီမဲ့မြင်ပြုသောသူတို့နှင့် ရောနှောပေါင်းဖော်ခြင်းကို
ဘုရားသခင်အလိုမရှိပါ။ အကြောင်းအမျိုးမျိုးကြောင့် မထီမဲ့မြင်ပြုသော
သူတို့နှင့်အတူ ရှိပါကလည်း အလွန်သတိထား ဆက်ဆံတတ်ရန် လိုပါသည်။ သို့မဟုတ်ပါက
ကျွန်ုပ်တို့ကိုယ်တိုင် မထီမဲ့မြင်ပြုသောသူ ဖြစ်သွားပေလိမ့်မည်။
မထီမဲ့မြင်ပြုသောသူမဖြစ်ရလေအောင် သူတို့နှင့် ပေါင်းဖော်ဆက်ဆံခြင်း မပြုရန်
လိုပါသည်။
နိဂုံး။
ယုံကြည်သူများအနေဖြင့် နေ့စဉ်အသက်တာတွင်
မတရားသောသူတို့၏ တိုက်တွန်းခြင်းကို မလိုက်သောသူ၊ လူဆိုးတို့၏
လမ်းတွင်မရပ်မနေသောသူ၊ မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်သောသူများ
ဖြစ်ရန် ဆင်ခြင်သတိပြုရန် လိုပါသည်။ ထာဝရဘုရား၏ တရားတော်၌မွေ့လျော်၍၊
တရားတော်ကို နေ့ညဥ့်မပြတ် ဆင်ခြင်အောက်မေ့သောသူများ ဖြစ်လျက်
မင်္ဂလာရှိသောသူများ ဖြစ်ကြဖို့ရန် ဆာလံဆရာက တိုက်တွန်းထားပါသည်။
ချစ်ခြင်းမေတ္တာဖြင့်၊
ဆရာတော်ဟရန်မှုန်း၊
တောင်ဖီလာရပ်ကွက်၊ ကလေးမြို့။
ဇူလိုင် ၃၊ ၂၀၁၆ ခုနှစ်|တနင်္ဂနွေနေ့|ညနေ ၇း၃၀နာရီ။
ဆာလံကျမ်းထဲမှ မင်္ဂလာရှိသောသူ
in
News
Sermons
on 11:59:00 PM
0 comments: